စာစရေးမည် ဆိုစဉ်က တစ်နေ့လျှင် A4 တစ်မျက်နှာတော့ မရရအောင်ရေးမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း တကယ်ရေးဖြစ်ပြီ ဆိုတော့ တော်တော်ကြိုးစားယူရသည်။ ဘယ်က စရေးရမှန်းမသိ၊ ဘာအကြောင်းရေးရမည်မသိ လမ်းစပျောက်နေသည်။ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ မလွယ်မှန်း သဘောပေါက်လာသည်။ နောက်ပြီး ဘာကြောင့် စာအုပ်၊ စာပေတွေ ဖတ်သင့်သလဲဆိုသည်ကို ပို၍ နားလည်သဘောပေါက်လာခဲ့သည်။
ရင်ထဲတွင်ရေးချင်သောအကြောင်းများက ပြည့်နေသည်။ သို့သော်စာရွက်ပေါ် ရောက်အောင်မရေးနိုင်၍ ကိုယ့်ကိုကိုယ်လဲ အားမလိုအားမရဖြစ်မိသည်။ တကယ်ရေးချင်သော အကြောင်းအရာမှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရသော ဘ၀အခက်ခဲများ၊ လွမ်းဆွတ်ဖွယ် ငယ်ဘ၀ နှင့်ဟာသဆန်ဆန် ရယ်စရာ ၀တ္တုများကို ရေးချင်နေမိသည်။ သို့သော် စာရေးဆရာလုပ်မည် ဆုံးဖြတ်ချက်ချပြီးလျှင် စာများများဖတ်ဖို့လိုပြီ။ မှန်ပေသည်။ စာအုပ်တစ်အုပ်ဖြစ်လာဖို့ စာအုပ်ပေါင်းများစွာ ဖတ်ဖို့တကယ်ပင် လိုအပ်ကြောင်း ကိုယ်တွေ့ဖြစ်သည်။
စာရေးတော့မည်ဆိုလျှင် စာဖတ်အားကောင်းဖို့လိုသည်။ စာဖတ်ရန် အချိန်လိုသည်။ မည်သည့်အကြောင်းရေးရမည်ကို သေချာသိရန် လိုသည်။ စာရေးချင်စိတ် အပြည့်ရှိဖို့ လိုပေလိမ့်မည်။ စာရေးမည်သူ့တစ်ယောက်အတွက် အချိန်များစွာ လိုအပ်သည်မှာ ကျွန်ုပ် အတွက် ကြိးမားသော အခက်အခဲဖြစ်နေပေတော့သည်။
မည်သို့ပင်ဆိုစေကာမူ ….
ကျွန်တော်ဖတ်ဖူးသော ဆရာကြီး၏ စာအုပ်ထဲတွင် နံမည်ကြီး BEST SELLER စာအုပ်တစ်အုပ်ဖြစ်ဖို့ ဘယ်လောက်ထိ ကြိုးစားအားထုတ်ရမည်ဆိုတာ ပါလာသည်။ ထိုမေးခွန်းသည် စာရေးဆရာတော်တော်များများကို စိတ်ညစ်သွားစေသည်ဟုတောင် ဆိုထားသည်ထိ … BEST SELLER စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အကောင်းဆုံးကြိုးစားအားထုတ်ခြင်းနည်းမှာ တင်ပါးမှာ ကော်သုတ်ထားဖို့အကြံပေးထားသည်။မှန်ပေသည်။ တော်ရုံလူ၊ တော်ရုံစိတ်ဓါတ်မျိုးနှင့် စားပွဲနှင့် ထိုင်ခုံပေါ် ကျောက်ချဖို့မလွယ်ကူလှပေ။
ဆရာကြီးဦးအောင်သင်းရဲ့ စာပေဟောပြောပွဲတစ်ခုမှာ ပြောထားတာလေး တော်တော်သဘောကျမိပါသည်။ ဆရာက ဘာပြောထားသလဲဆိုတော့ “ ငယ်ငယ်အရွယ် မှာ ကိုယ့်ကိုကိုယ် မခိုင်းရင် ကြီးလာရင် သူများခိုင်းတာ ခံရတတ်တယ် ’’ ဟု ဆိုထားသည်။ တော်တော်ကို ထိရောက်ပြိး မှတ်သားစရာကောင်းလိုက်သည့်စကား.. ဆရာ့စကားတွေ နားထဲကြားယောင်မိတိုင်း ကိုယ့်အားနည်းချက်တွေကို ပြန်လည်သင်ယူဖို့ ကိုယ့်ကိုကိုယ် မပျင်းဖို့အမြဲ တိုက်တွန်းမိနေသည်။ လူငယ်တွေ စာများများ ဖတ်စေချင်သည်။ ဆရာဦးအောင်သင်းတို့လို အဟောအပြောကောင်းသော ပုဂ္ဂိုလ်ကြီးများ၏ စာပေဟောပြောပွဲများကို နားထောင်စေချင်သည်။
ကျွန်တော်စာအုပ်တစ်အုပ်ကို ဖတ်နေစဉ် စာအုပ်ထဲတွင် စိတ် မရောက် ကိုယ့်အကြောင်းကိုရေးဖို့ အာရုံထဲတွင် ပေါ်ပေါ်လာသည်။ အတိတ်က အရိပ်တွေက ခေါင်းထဲတွင် တန်းစီနေသည်။ စထားသော်လည်း ဟိုစပ်စပ် ဒီစပ်စပ် ဖြစ်နေသည်။ အကြောင်းအရာတွေက တစ်ခုနှင့် တစ်ခု အချိတ်အဆက်မရှိ။ ဟိုအကြောင်းရောက်သွားလိုက် ဒီအကြောင်းရောက်သွားလိုက် နှင့်ပင် ခရီးဆက်နေရသည်။
စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်မည်ဟု ရည်ရွယ်ထားလျှင် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စာရေးနေရမည်ဟု ဆိုသောကြောင့်သာ ခေါင်းထဲတွင်ပေါ်လာသော အတွေးများကို လက်တန်းချရေးနေမိခြင်းဖြစ်သည်ဟု ကျွန်ုပ် ၀န်ခံပါသည်။
ကျွန်ုပ် အလုပ်အဆင်ပြေနေချိန်ကဆိုလျှင် ပုံမှန်ဝင်ငွေရှိနေသဖြင့် သုံးစွဲရန် နောက်စံမတင်းရခြင်း အလို့ဌာ စာကိုစိတ်ဝင်စားစွာ ရေးနိုင်ခဲ့လေသည်။ တစ်ခါတစ်လေ ဘ၀ရဲ့ တစ်ဆစ်ချိုး ကံကြမ္မာ အလှည့်အပြောင်းများကြောင့် လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုများကြုံလာရာ စာရေးဖို့ဝေးစွ … အသက်မွေးဝမ်းကြောင်းအတွက် မည်သို့ခရီးဆက်ရမည်ကို ပူပန်နေရ၍ စိတ်ဂဏာမငြိမ်ပင် ဖြစ်နေလေတော့သည်။
ကျွန်ုပ်ဖတ်ဘူးသော စာအုပ်ထဲတွင် ထောင်တွင်းအကျဉ်း ကျနေသည့်တိုင်အောင် ကျမ်းစာအုပ်များကို ရေးသားပြုစုခဲ့သူများရှိခဲ့သည်။ ကျွန်ုပ်သည်လည်း ထိုသူတို့ကို စံနမူနာယူရမည့်ကိန်း ဆိုက်နေလေတော့သည်။
အဆင်ပြေမှ စလုပ်မည်ဟုရည်ရွယ်ထားလျှင် မည်သည့်လုပ်ငန်းမှ စဖြစ်လိမ့်မည်မထင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ ကံကြမ္မာဟူသည် တသတ်မှတ်တည်း သွားနေခြင်းမဟုတ်သောကြောင့် အခြေအနေ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဘယ်လောက်ပင် ခက်ခဲကြမ်းတမ်းနေပါစေ ရပ်မသွားရန်လိုအပ်သည်။ ဖြေးဖြေးနဲ့ မှန်မှန်သွားခြင်းသည် သင်၏ပန်းတိုင်ကို အမြန်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
ဟန်ဇွန် (အေးသုခ)