Wednesday, 18 December 2019
Monday, 16 December 2019
Saturday, 21 May 2016
၂၀၀၄ မလေးရှားလေဆိပ်အ၀င်
သည်လောက်ကြိးသည့် လေဆိပ် ကျွန်တော့်တသက်နှင့် တကိုယ် မတွေ့ဘူးခဲ့ပေ။
ကမ္ဘာ့အကြီးဆုံး လေဆိပ် စာရင်းဝင်ဖြစ်သည်။ မလေးရှားလေဆိပ် အကြောင်း
အသေးစိတ်ကို နောက်ပိုင်းမှ ပြောရအုံးမည်။
လေယာဉ်ပေါ်မှ ဆင်းလျှင် မည်သို့သွားရမည် မသိ၍ အများသွားရာနောက် ရောယောင် လိုက်ပါသွားရင်း ဘေးဘီဝဲယာ လျှောက်ကြည့်မိသည်။ ငယ်ငယ်က ဖတ်ခဲ့ဖူးသည့် တာဝတိံသာနတ်ပြည်ကိုများ ရောက်နေရော့သလားဟု ထင်မှတ်ရ၏။
ခမ်းနားကြီးကျယ်ပုံများကို မှတ်တမ်း တင်ထားချင်မိသည်။ ထိုအခါက လက်ကိုင်ဖုန်းဆိုသည်ကိုပင် အနီးကပ်မမြင်ဘူးသေးတဲ့ဘ၀ ။ ဘယ်သို့ မှတ်တမ်းတင်ရမည်ကို မကြံဆနိုင်ပေ။ လမ်းလျှောက်သည့် စင်္ကြန်များကို ပစ္စည်းသယ်ရလွယ်ကူစေရန် Auto walking System ပြုလုပ်ထားပုံမှာ သဘောတွေ့လှ၏။ ကျွန်ုပ်တို့ တိုင်းပြည်တွင် ယခုချိန်ထိ မမြင်ဘူးသေးပေ။
တောင်ငေး၊ မြောက်ငေး သွားရင်းနှင့် Immigration ဂိတ်ပေါက်သို့ ရောက်မှန်းမသိရောက်သွားသော အချိန်ဝယ် မလေးရှားစံတော်ချိန် ၃နာရီထိုးနေသည်ကို ကောင်တာနောက်ကျောနံရံက နာရီကြီးက ညွှန်ပြနေ၏။
ကျွန်ုပ်တို့ထင်ထားသည်မှာ သူဌေးကကြိုစောင့်နေပြီး ခေါ်သွားလိမ့်မည်။ ဖြစ်လာပုံက ကျွန်ုပ်နှင့်နေရာတူ အလုပ်တူ မြန်မာသူငယ်ချင်းတစ်ယောက်လဲ ပါလာခဲ့ရာ နှစ်ဦးသား လာကြိုကြသောသူများဟု ထင်ရသူများကို လိုက်ကြည့်ရ ၊ လာကြိုသူတွေ ထောင်ထားသော ဆိုင်းဘုတ် နံမည်များကိုလဲ အပြေးအလွှားဖတ်ရ၏။
ကျွန်ုပ် တို့နံမည်ကို ရှာမတွေ့ ၊ နှစ်ဦးသားခေါင်းချင်းဆိုင်ပီး အခြေအနေ မေးရမြန်းရတော့သည်။ ထိုစဉ် နက်ပြာရောင် ကိုယ်ကြပ် ယူနီဖောင်းကို စမတ်ကျစွာ ၀တ်ဆင်ထားသော အသားညိုညို၊ အရပ်မတိုမရှည် ခပ်၀၀ အသက်၄၀ ၀န်းကျင်ဟုထင်ရသော မလေးရှား ရဲတစ်ယောက် ကျွန်ုပ်တို့ဘေးတွင် စာရွက်တစ်ထပ်ကိုင်ပီး အများကြားအောင် အော်နေသည်။
မည်သည့်ဘာသာစကားဖြင့် အော်နေသည်ကို သေချာ နားမလည် သော်လည်း မ၀ံ့မရဲ ချဉ်းကပ်၍ အကူညီတောင်းကြည့်ကြ၏။
အမိမြေမှ သင်ထား၊ တတ်ထား သမျှသော အင်္ဂလိပ်စကားကို ထိုသူနားလည်အောင် ကျွန်ုပ်တို့ နှစ်ယောက် တစ်ယောက်တလှည့် အစွမ်းပြကြ၏။ ပထမဆုံး နိုင်ငံခြားမှာ နိုင်ငံခြားသားတစ်ယောက်ကို ဆရာများ သင်ပေးလိုက်သော ပညာဖြင့် ပြောခွင့်ဆိုခွင့် ရလိုက်သည့် အရသာသည် အလွန်ပီတိဖြစ်ရ၏။
မူကြိုမှစ ယခုချိန်ထိ အင်္ဂလိပ်စာသင်ပေးခဲ့သော သင်ပေးနေသော အမိမြေမှ ဆရာများကို သတိတရ ကျေးဇူးတင်နေမိ၍ ဆရာများ ကျေးဇူး လွန်စွာမှ ကြီးမားပါတကား ခံစားရ၏။ သို့ပေသော်လည်း စကားစွမ်းရည်နှင့် နားလည်ဟန်မတူ၍ Internation ခြေဟန်လက်ဟန်တွေပါ ကူပေးရသေးသည်။
ကျွန်ုပ်တို့ ဘယ်နိုင်ငံကလာကြောင်း၊ အလုပ်နှင့်ပက်သက်သည်များကို ပါးစပ်မှ အမြှုပ်ထွက်မတတ် ရှင်းပြလိုက်သောအခါ ၀မ်းသာသော အပြုံးဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်ပြီး သူသည် ယခုပင် မြန်မာအလုပ်သမား၏ နံမည်ကို လာကြိုသူများ ကိုယ်စား ကူပီး ခေါ်ပေးနေကြောင်း လက်ထဲမှ စာရွက် တထပ်ကြီးကို ထိုးပြသည်။ ထိုသူသည် ပြုံးချိုချိုနှင့် လွန်စွာဖော်ရွေတတ်သော ကူညီချင်စိတ်ရှိသော သူတစ်ဦးဟု မှတ်ချက်ပြုမိ၏။
ထိုသူသည် မြန်မာအမည်များကို မလေးအသံဖြင့် မပီကလာ ပီကလာ ခေါ်နေသောအခါ မည်သူကမှ နားမလည်သလို အဖက်လုပ်၍ပင် မကြည့်ကြ သောကြောင့် သူ့ကို သနားပင်သွားမိသေးသည်။
သို့နှင့် ကျွန်ုပ်တို့လည်း ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်ပီး မြန်မာအလုပ်သမားများ၏ အမည်များကို ကူခေါ်ပေးသောအခါမှ သူလည်းအနားရသွားဟန် တူပေသည်။ တအောင့်မျှ အကြာတွင် ထိုသူ ပြန်ရောက်လာပီး ကျွန်ုပ်တို့နှစ်ယောက် အစာပြေစားရန် ပေါင်မုန့်နှင့် ရေတစ်ဗူးဆီ လာပေးပီး တစ်ညလုံး မအိပ်ရသေးကြောင်း ခုလိုကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောပီးလျှင် ရုံးအတွင်း သွားငိုက်နေလေတော့သည်။
မလေးရှား အ၀င်တွင် ကျွန်ုပ်တို့၃ဦး မိတ်ဆွေရင်း ပမာ အတိုင်အဖောက်တည့်သွား၍ လွန်စွာ မင်္ဂလာရှိသည်ဟု မှတ်ယူရ၏။ သို့နှင့် ကျွန်ုပ်တို့သည်လည်း အမည်စာရင်းများကို ခေါ်သောအခါ ငိုက်မြည်းနေသော မြန်မာဆွေရင်းများ ခေါင်းထောင်လာကြသည်။ အမည်ပိုင်ရှင်များ ထလာပီးလျှင် လာကြိုသော Company ၀န်ထမ်းများနှင့် ချိတ်ဆက်ပြီး ကောင်တာတွင် လိုအပ်တာများ ဆက်လက် လုပ်ဆောင်ကြလေတော့သည်။
>>>>>>>> ဆက်ရန်
ဟန်ဇွန် (ထီလာ)
9:59 PM 17/5/2016
Singapore

လေကြောင်းရဲညွှန့်လောင်း
လွန်လေပီးသော ၂၀၀၂ -
၂၀၀၃ ကာလတစ်ခုကပေါ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနား ကို
ရောက်လိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးခဲ့တဲ့ အိမ်မက်တွေ
မက်ခွင့်ရခဲ့ပါတယ် ။
တစ် နှစ်သုံး လေး ငါး ခြောက် . . . . စာဖတ်သူတွေ က မသိရင် အမှတ်စဉ် မှတ်နေတယ် ထင်မယ် . . ဟုတ်တယ် အမှတ်စဉ် မှတ်နေတာပါပဲ . . . ဘာလို့လဲသိလား . . .
ပထမဆုံး သင်တန်းတက်တဲ့ရက် စာသင်ချိန်မှာ ဆရာတစ်ယောက် စာသင်ပီးထွက်သွားတာကို အတန်းပီးတယ် ထင်လို့ ခြင်းလုံးထွက်ခတ်တာ . . .
" ဟေ့ကောင်တွေ " မင်းတို့ ဒီနေ့မှ သင်တန်းစတတ်တယ် . . စာတောင်မသင်ရသေးဘူး. . ကမြင်းနေတယ် ဟုတ်လား . . လာခဲ့ အကုန်လုံး "
ခေါ်ပီလေ . . သင်တန်းအုပ်ရေးအရာရှိက . . . သိတဲ့အတိုင်းပဲ . .
တကယ်သင်တန်းလာတတ်တဲ့ သူ တော်တော်များများက လေယာဉ်တွေကို စိတ်ဝင်စားလို့ အနီးကပ်ထိကိုင်ခွင့်ရချင်လို့ လေ့လာရေးခရီးတွေ တပျော်တပါးသွားချင်လို့ လာတတ်ကြတာကိုး . .
စစ်တပ်ဆိုတာ ဘယ်လိုအုပ်ချုပ်လဲ သူတို့ ထဲထဲဝင်ဝင် ပူပူနွေးနွေး အတွင်းသိ အစင်းသိ သိသေးတဲ့ ကလေးတွေ မဟုတ်တော့ သူတို့ခေါ်လိုက်တာကို ပျော်ပျော်ပြုံးပြုံးပဲ ခတ်တည်တည်နဲ့ သင်တန်းအရာရှိကို ကျော်ပြီး သင်တန်းခန်းမဆောင်ထဲ ဝင်မလို့ရယ် . . .
သင်တန်းဆရာကလဲ မပြောသေးဘူးကြည့်နေတယ် . .
ဟို ထိပ်ဆုံးက မကြီးမငယ်နဲ့ ဂျ ဘလွတ် . . . ပြန်လာခဲ့ . . သိတယ် . . အဲ့လိုခေါ်ကတည်းက ကျွန်တော့်ကို ပြောတယ်ဆိုတာ . . ဘာလို့လဲ ဆိုတော့ ငယ်မွေး ခြံပေါက်. . ဒီလူတွေနဲ့ တပ်ထဲမှာ နေကတည်းက ချက်စ် ထိုးလိုက် ခြင်းလုံးခေတ်လိုက် နေလာခဲ့သူတွေ မို့ ခင်မင်ရင်းနှီးပီးသား . . ညီအကိုတွေလိုပါပဲ . .
လိုရင်းတိုရှင်းပြောရရင် ကျုပ်အဖေက လေတပ်ကစစ်သား ကျုပ်တို့တပ်က ဖွင့်တဲ့ သင်တန်းကိုးဗျ . .
မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ပီး . . ဗျာ ဗိုလ်ကြီး . . ဟဲဟဲ . . ဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိတယ် . . မပြောနဲ့တော့ ဆိုတော့ ဘဲကြီး ရယ်ချင်စိတ်ကို အတော်ထိမ်းထားပုံ ရသည်။
သို့ပေသော်လည်း ဒီလို အများနဲ့ အလုပ်လုပ်တဲ့အခါ
ကိုယ်လဲ သင်တန်းသားက သင်တန်းသားလို နေမှ ကိုယ့်အရာရှိ , ကိုယ့်တပ်မတော်ကို သူတို့လဲ လေးစား လိုက်နာမှာကိုး . . နည်းနည်းကြီးကျယ်ရင် ခွင့်လွှတ် . .
အဲ့တာနဲ့ အားလုံးပေါင်း ၆ယောက် နေပူထဲမှာ ညာတစ်ဝက်စောင်းပီး ဒိုက်ထိုးရတာ ၅ခါတည်းပါ . .
ဒါပေမယ့် ၁၅ မိနစ်လောက်တော့ ကြာသွားတယ် . .
နှစ်ရက်လောက် ဘယ်ညာ လက်မလွှဲနိုင်ဘူးရယ်ဗျ . .
ကိုယ့်အပြစ်နဲ့ ကိုယ် ကိုး . . ဒါကို ကျန်တဲ့ ၅ယောက်က တစ်ခါမှ မလုပ်ဘူးတော့ အပြစ်ရှိလို့ အပြစ်ပေးတယ် မထင်ဘူး . . အထူးအဆန်းလုပ်ပီး ပျော်နေကြလေရဲ့ . . တော်တော် ချစ်ဖို့ကောင်းတဲ့ ကောင်လေးတွေ . .
အဲ့ဒီနောက်ပိုင်း အရပ်ရပ်က သင်တန်းလာတတ်တဲ့ကလေးတွေ အားလုံးပေါင်း ကျုပ် အပါအဝင် ၅၀ ပေါ့ . . အဲ့တုန်းကတော့ မိန်းကလေး မပါပါဘူး . . . . တိုင်းရင်းသားလေးတွေ များတယ် . . စကားပြောရင် ဝဲဝဲလေးတွေ အင်မတန် နားထောင်လို့ကောင်းပါတယ် . . သူတို့နဲ့ စကားပြောရတာ ဗဟုသုတလဲရတယ် . . ပျော်ဖို့လဲကောင်းတယ်ဗျ . . . ရေခဲတောင်ကြားထဲက မချမ်းဘော , ပူတာအို ဘက်ကတောင် လာကြတဲ့ သူတွေတောင်ပါတယ် . .
သင်တန်းနားရက် တစ်နေ့ အေးအေးချမ်းချမ်း နံနက်ခင်းလေးတစ်ခုက မှတ်မှတ်ရရ အဖြစ်လေး ပြောချင်သေးသည်။
ဘုန်းဘုန်းဘုန်းဘုန်း ! ! !
တစ်ခုခုကိုရိုက်ခတ်သံတွေ အဆက်မပြတ် ကျွန်တော့်ကုတင်ဘေးက ထွက်လာသည်။
အာ အိပ်ကောင်းတဲ့ အချိန် ဘာတွေဖြစ်နေပါလိမ့် . .
ခြင်ထောင်ကို အသာဖွင့်ပီး ဘယ်ကြည့်လိုက် ညာကြည့်လိုက် နဲ့ ကျွဲကောက်ရိုးပုံ ဆွဲသလို ဖြစ်နေသည် ။
ကျွန့်တော် နဲ့တစ်ကုတင်ကျော်လောက်က ကုတင်ပေါ်တွင် ကချင်သင်တန်းသားလေး တစ်ယောက်ကို တခြားကချင်သင်တန်းသားလေးက ဖိနပ်နဲ့ အားရပါးရ ခြေသလုံးတွေပဲလှိမ့် ရိုက်နေသည်။
အောက်ကတစ်ယောက်က ပြန်လုပ်နိုင်ဟန်မတူ . . ခြေထောက်တစ်ခုလုံးလဲ အမဲကွက်တွေ ဖြစ်နေပီ . . ရိုက်ထားတာဆို တော်တော် မညှာမတာ လုပ်နေတာတောင် ငြိမ်ခံနေတယ်နော် .
အဲ့ဒါနဲ့ အသဲအသန် ပြေးဆွဲရတော့တာပေါ့ . .
ဟိတ် . . ဟိတ်ဆိုဟိတ်လိုက် လေ. . . ဟိတ်ဆို ဟိတ်လိုက်လို့ပြောနေတယ် . . ဘာတွေလဲ . . ဘာဖြစ်လို့ ခုလို လုပ်နေတာလဲ ပြောလိုက်စမ်း . .
ဟွန်းဟွန်း . . ကျုပ်တစ်ယောက်တည်း ဖြစ်နေတာ . .
ကျန်တဲ့ ကောင်လေးတွေက ဝင်မတားဘူး . . ဒီကောင်တွေ သတ္တိမရှိဘူးလား . . ဟကောင်တွေ လာကြပါဟ . . ဝင်တားလေ . . အဲ့လောက်ပြောတာတောင် မျက်လုံးပြူးလေးတွေနဲ့ ငြိမ်ကြည့်နေတယ်ဗျ . .
ကိုယ်ကပဲမှားနေသလား . . သူတို့ပဲ မှန်နေသလားမသိ . .
အင်း ဘာလဲဟပေါ့ . . .
အဲ့ဒီ့အချိန်မှာပဲ ဘေးက ညီလေးတစ်ယောက်က
'' အဲ့ဒါ ကချင်ရိုးရာ ဆေးကုနည်းတစ်မျိုးပဲ အကို ''
တဲ့. . အောင်မငြီး . . ကျုပ် ဒါမျိုး လုပ်လို့ကတော့ ဖျားလို့မသေဘူး . . အရိုက်ခံရလို့ သေမှာပဲ . . ကြံကြံဖန်ဖန်ကွာ . ဆေးသောက်ပါလားဟ . . လန့်လိုက်တာ . . ရန်ဖြစ်နေတယ် မှတ်လို့ ငါက . ဟူး . .
ပြောသေးတယ် ဆရာသမားလေးတွေက
ကျွန်တော့်တို့ က ဒီလို မက်ကလောင် ဖောက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတာတဲ့ အင်္ဂလိပ်ဆေး , ဗမာဆေး မတိုးဘူးတဲ့ဗျ . . . .
အော် ထူးဆန်းပါပေ့ ကိုရွှေကချင်ရယ် . . လေးစားပါတယ်လို့ ပြောလိုက်ရတယ် . . တကယ် ဒါမျိုးတွေလဲ ကြုံခဲ့ရဖူးသည်။
မှတ်မှတ်ရရလေးတွေ ပြောရရင် ကြုံတုန်းကြွားတတ်တာလဲ ကျုပ်အကျင့်မို့ . ခွင့်လွှတ်ဗျာ . .
လေကြောင်းရဲညွှန့်လောင်းသင်တန်းမှာ ပထမဆုံး အပြစ်ပေးခံလိုက်ရတာ ကျုပ်တို့ ၆ယောက်ဖြစ်ပေမယ့် စည်းကမ်းအကောင်းဆုံးဆု ကျုပ်ယူလာခဲ့တယ် . . ကံကောင်းချင်ရင် အဲ့လိုပဲ . .
သင်တန်းက ကားမောင်းလဲ သင်ပေးပါသေးတယ် . .ကျုပ် ကားမောင်း အသင်ကောင်းလို့ ဘောလုံးကွင်း ဂိုးတိုင်ထဲလဲ ကား ဂိုးသွင်းဘူးတယ် . . ကျုပ်ကို သင်ပေးတဲ့ ဆရာတော့ တော်တော်လန့်သွားပုံရတယ် . . . မင်း ငါနဲ့ဝေးဝေးနေ ဆိုတာကြည့်ပဲ . . ချွေးတွေလဲ ရွှဲလို့ . . တစ်ကိုယ်လုံး . .
တော်ပါသေးတယ် . ,သူငယ်ချင်းတွေ PT ပြေးလေ့ကျင့်သား ရနေသူတွေမို့ပေါ့ . . ဝရုန်းသုံးကား ပြေးလိုက်ရတာဆိုတာ. . . ကံကောင်းလို့မသေတယ် . . . . .
ပုံဖော်ကောင်းတဲ့သစ်သားတစ်မျိုးနဲ့ ကိုယ်ကြိုက်တဲ့ လေယာဉ်ပုံစံကို ပုံဖော်ထုရတာကို တော်တော် သဘောကျမိခဲ့တယ် . . လေယာဉ်ပေါ်တက်မမောင်းခဲ့ရပေမယ့် ကွန်ပျူတာ Control နဲ့ ပြေးလမ်းပေါ် တက်ဆင်းလေ့ကျင့်ရတဲ့အရသာလေး လဲ လွမ်းမိပါရဲ့ .
လေယာဉ်အင်ဂျင်အကြောင်းတွေ သင်ယူခွင့်ရခဲ့တာလဲ တန်ဖိုးမဖြတ်နိုင်တဲ့ ပညာတစ်ခုပါ . .
စပ်စုရေးခရီးစဉ် မေခ နဲ့ မေလိခ ညီအမ ဆုံတဲ့နေရာ ကို လိုက်ပို့ပေးတုန်းက မြစ်ဘေးက ကျောက်အစိမ်းရောင် လေးတွေကို ကျောက်စိမ်းတုံးတွေ အမှတ်နဲ့ လုကောက်ပီး အလေးခံ သယ်ခဲ့ဖူးတယ် . .
ပြန်တက်ခွင့်ရအုံးမယ် ဆို ထပ်တက်ချင်ပါသေးတယ် ..
အခွင့်ကြုံ ခဲ့မယ်ဆိုရင်လည်း တက်ဖြစ်အောင် တက်ကြဖို့ ပြောပါရစေ. . . .
တစ်ချိန်က လေကြောင်းရဲညွှန့်လောင်း (မကန)
ဟန်ဇွန် ( ထီလာ)
11:47 AM 20/5/2016

Sunday, 8 May 2016
အမေ
ငယ်ငယ်က အမေ့တန်ဖိုးဆိုတာ ဘာမှန်းတကယ်ကို မသိခဲ့တာအမှန်ပါ . .
ကျောင်းမသွားခင် စားသွားတဲ့ထမင်း . .
ဝတ်သွားတဲ့ ကျောင်းဝတ်စုံ . .
လက်ထဲကို ထည့်ပေးလိုက်တဲ့ ကျောင်းမုန့်ဖိုး
ဒါတွေ အားလုံး အမေ့ နံနက်ခင်း လက်ရာတွေပေါ့ . . .
ကမ္ဘာ့လေထုထဲက လေကိုရှူ သွင်းခွင့်ရအောင်
လှပတဲ့ ရှုခင်းတွေကို ခံစားခွင့် ရအောင်
လောကဓါတ် ပညာတွေကို သင်ယူခွင့် ရအောင်
ခုလို ဖုန်းတွေ ပွတ်တတ်အောင်
အမေ့ အသက်ကိုရင်းပီး ရှိသမျှ ခွန်အားတွေနဲ့ ရုန်းကန် ရှာဖွေ လူဖြစ်အောင် ကျွေးခဲ့တယ်နော် . .
နံနက် ၇နာရီကနေ ည ၇နာရီ ထိ နေ့စဉ် စက်ဘီးတစ်စီးနဲ့ နေပူ မရှောင် မိုးရွာမရှောင် ရွာတကာပတ် ရွာဈေး တွေမှာ အထည်ရောင်းပီး သားတို့ မောင်နှမတွေကို ရှာကျွေးခဲ့တယ်နော် . . .
အမေ့ရဲ့ ခွန်အားတွေကို အံ့သြလိုက်တာ အမေရယ် . . .
သားတို့ မောင်နှမတွေ ပညာတတ်ဖို့ လူ့အောက်မကျဖို့ မျက်နှာမငယ်ဖို့ အမေ နဲ့ အဖေ ထမင်းတစ်လုတ်လျှော့စားခဲ့ပီး ရှိတာလေးတွေနဲ့ပဲ အဆင်ပြေအောင် ဖာထေး ဝတ်ခဲ့တာတွေလဲ မြင်ဘူးပါရဲ့ . . .
အို အမေရယ် . . .
အမေ့လို မပင်ပန်းရအောင် ကျက်ပါဟဲ့ မှတ်ပါဟဲ့ဆိုပီး အမေဒီလောက် မောင်းခဲ့တာတောင် သားတို့မောင်နှမတွေ စာကျက်ချိန်တိုင်း ငိုက်ကောင်းခဲ့တယ်နော် . .
ဒီအချိန် ဒီအရွယ် ဒီပညာတွေ တတ်တဲ့အထိ သားကို နားလည်ပေးနိုင်မယ့် မိတ်ဆွေစစ် မိတ်ဆွေကောင်း မိဘနဲ့ တူတဲ့ မိတ်ဆွေကောင်းကို ရှာလို့ မတွေ့သေးပါဘူး အမေ . . .
အဆင်မပြေချိန် အရင်ဆုံးသတိရတာက အမေ့ကို ဖြစ်ပီး အဆင်ပြေနေချိန်မှာ အရင်ဆုံးသတိရတာက Beerဆိုင်နဲ့ သူငယ်ချင်းတွေ ဖြစ်နေတဲ့ သားမောင် လူမိုက်ကို ခွင့်လွှတ်ပေးပါလို့ပဲ ဝေးတစ်မြေကနေ သားမောင် ရှိခိုးကန်တော့လိုက်ပါ၏ အမေ . .
ဘီယာဆိုင်, အရက်ဆိုင် , KTV တွေမှာ ဟင်္သာတထွန်းရင်ရဲ့ အမေနဲ့ရွာကို လွမ်းပါတယ်, မွေးမေကျေးဇူးဆပ်ဖူးချင်ပါတယ် ဆိုတဲ့ သီချင်းတွေကို ပါးစပ်အရသာခံပြီး ထိုင်ဟဲနေမယ့်အစား လက်တွေ့ဘဝမှာ ပြုစုလုပ်ကျွေးနိုင်တဲ့ သားကောင်း သမီးကောင်းတွေ ဖြစ်အောင် ကြိုးစားကြပါလို့
ကျွန်တော့်လို မလိမ်မိုး မလိမ်မာ သူငယ်ချင်းတွေကို တောင်းဆိုပါရစေ. .
အမေများနေ့ အမှတ်တရ မှာ
မေမေ့အတွက်
ဟန်ဇွန် (ထီလာ)
7:48 AM 9 / 5 / 2016 စင်ကာပူ
Wednesday, 4 May 2016
(၂) ရန်ကုန်လေဆိပ်တွင်
ကျွန်ုပ်တို့ မြန်မာပြည်က
လူငယ်တွေ လူငယ်တွေ ဆိုတာ တယ်သနားစရာကောင်းလှသည်။ ကျွန်ုပ် အပါအ၀င်ပါ။ နိုင်ငံခြားကိုမှ
အထင်ကြိးကြသည်ဟု ပြောလျှင် နိုင်ငံခြားထွက် အလုပ်လုပ်နေသူတွေ ကိုယ်စား ကျွန်ုပ် ငြင်းပါရစေ
..
ကျွန်ုပ်တို့ တိုင်းပြည်သည်
အမေရိကန်လို အင်္ဂလန်တို့လို အလားတူ တိုးတက်နေတဲ့ နိုင်ငံသာဖြစ်နေလျှင် မည်သူက တိုင်းတစ်ပါးထွက် မိသားစုနဲ့ခွဲခွာပီး
ငွေရှာ နေမည်နည်း။
နှစ် ၅၀ ကျော် ပညာမတတ်သော အတ္တဘောတွေ
အုပ်ချုပ်သည့် တိုင်းပြည်၊ သင့်တင့်မျှတမှု မရှိတဲ့ တိုင်းပြည်မို့သာ အမိမြေကို စွန့်ပီး
စိတ်ကူးအိမ်မက် ကိုယ်စီဖြင့် တိုင်းတပါးကိုထွက်ပြီး အနှိမ်ခံဘ၀တွေနဲ့ ရုန်းကန်နေကြရသည့်
ဘ၀ကို မသိသူသာပင် အထင်ကြီး၍ ငွေရှိ၍ သွားသည်ထင်ကြလိမ့်မည်။
လယ်ယာ၊ ကျွဲ၊နွား၊ အိမ်၊ခြံတွေ
ပေါင်နှံရောင်းချပီး အနာဂတ်လှပရေး မျှော်မှန်းချက်များ ဖြင့် လှိုင်းထန်သော သမုဒ္ဒရာ
ပြင်ကျယ်ဝယ် ရွှက်လွှင့်နေကြသူများ မာယာလှိုင်းလုံးကြီးများ၏ ရိုက်ပုတ်မှုကို နစ်မြှုပ်မသွားအောင်
ခုခံကာကွယ်ရင်း ရှိသမျှခွန်အားနှင့် ရုန်းကန် လှော်ခတ် နေကြရသူများဖြစ်တော့၏
သို့နှင့် ကျွန်ုပ်နှင့် ဘ၀တူများမှာလဲ
စွန့်စားချင်သည်။ ၂၀၀၄ ခုနှစ် လောက် ကဆို မလေးရှားတိုင်းပြည် ခေတ်ကောင်းသည့် ကာလတစ်ခု
၊ လူငယ်များ နိုင်ငံခြားရူးရူး နေပြီ ၊ အဘယ်လောက်များ
လဲဆို မလေးသွားမည့်သူတွေ လေယာဉ်ကွင်းအပြည့်ဟု ပြော၍ရနိုင်သည်။
ထိုစဉ်အခါက ရန်ကုန်လေဆိပ် ရှေ့တည့်တည့်ပန်းခြံတွင် လေယာဉ်ပျံသန်းနေသော
ရုပ်ထု ကျောက်တိုင်လေးရှိပီး လေယာဉ်ပေါ်မတက်မှီ မိသားစုများနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ဖို့ပင်
တော်တော်တန်းစီယူရသည့်အထိ များလှသည်။
လေဆိပ်ထဲတွင် ဟိုကြည့် သည်ကြည့် တောသား မြို့တက်
ဆိုသလို အချိန် ကုန်မှန်းမသိကုန်သွားသော်လည်း ပြည်ပ လေယာဉ်ပေါ် စတက်သည့် အတွေ့အကြုံ
မရှိသည့်ကျွန်ုပ် အဖို့ ရင်ထဲတွင်ပြောမပြတတ်သော လွမ်းဆွေးခြင်းကို ခံစားရလေသည်။
မိဘများနှင့် ခွဲခွာရမည်ထက်
အမိမြေကို ခွဲခွာရခြင်းက ပိုလွမ်းစရာပင် ကောင်းလှသေးသည်။ ကျွန်ုပ် ရင်တွင်စို့ တက်လာ၍
မျက်ရည်စတွေ ပါးပြင်ပေါ် တွဲခိုနေသည်။
ရုပ်ရှင်ရိုက်လိုက်လျှင် ဒီနေရာမှာ
အကယ်ဒမီရှော့ ရသွားနိုင်သည်ထိ မျက်ရည်များနှင့်ေ၀၀ါးနေသည့်ကြားမှ သွားကြားထိုးတံ သာသာမျှ
မြင်ရသော လူအုပ်ကြီးကြား ရှိ မာတာမိခင် ရပ်နေသည့်နေရာသို့မှန်း၍ အားတင်းကာ လက်ပြနှုတ်ဆက်ပြီး ဘ၀တိုက်ပွဲ အတွက် လေယာဉ်ပေါ်
အံကြိတ်ကာတက်ခဲ့ရတော့သည်။
ဆက်ရန်
ဟန်ဇွန် (ထီလာ)
ဆက်ရန်
ဟန်ဇွန် (ထီလာ)
Tuesday, 22 March 2016
အချိန် နှင့် အခက်အခဲ
စာစရေးမည် ဆိုစဉ်က တစ်နေ့လျှင် A4 တစ်မျက်နှာတော့ မရရအောင်ရေးမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း တကယ်ရေးဖြစ်ပြီ ဆိုတော့ တော်တော်ကြိုးစားယူရသည်။ ဘယ်က စရေးရမှန်းမသိ၊ ဘာအကြောင်းရေးရမည်မသိ လမ်းစပျောက်နေသည်။ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ မလွယ်မှန်း သဘောပေါက်လာသည်။ နောက်ပြီး ဘာကြောင့် စာအုပ်၊ စာပေတွေ ဖတ်သင့်သလဲဆိုသည်ကို ပို၍ နားလည်သဘောပေါက်လာခဲ့သည်။
ရင်ထဲတွင်ရေးချင်သောအကြောင်းများက ပြည့်နေသည်။ သို့သော်စာရွက်ပေါ် ရောက်အောင်မရေးနိုင်၍ ကိုယ့်ကိုကိုယ်လဲ အားမလိုအားမရဖြစ်မိသည်။ တကယ်ရေးချင်သော အကြောင်းအရာမှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရသော ဘ၀အခက်ခဲများ၊ လွမ်းဆွတ်ဖွယ် ငယ်ဘ၀ နှင့်ဟာသဆန်ဆန် ရယ်စရာ ၀တ္တုများကို ရေးချင်နေမိသည်။ သို့သော် စာရေးဆရာလုပ်မည် ဆုံးဖြတ်ချက်ချပြီးလျှင် စာများများဖတ်ဖို့လိုပြီ။ မှန်ပေသည်။ စာအုပ်တစ်အုပ်ဖြစ်လာဖို့ စာအုပ်ပေါင်းများစွာ ဖတ်ဖို့တကယ်ပင် လိုအပ်ကြောင်း ကိုယ်တွေ့ဖြစ်သည်။
စာရေးတော့မည်ဆိုလျှင် စာဖတ်အားကောင်းဖို့လိုသည်။ စာဖတ်ရန် အချိန်လိုသည်။ မည်သည့်အကြောင်းရေးရမည်ကို သေချာသိရန် လိုသည်။ စာရေးချင်စိတ် အပြည့်ရှိဖို့ လိုပေလိမ့်မည်။ စာရေးမည်သူ့တစ်ယောက်အတွက် အချိန်များစွာ လိုအပ်သည်မှာ ကျွန်ုပ် အတွက် ကြိးမားသော အခက်အခဲဖြစ်နေပေတော့သည်။
မည်သို့ပင်ဆိုစေကာမူ ….
ကျွန်တော်ဖတ်ဖူးသော ဆရာကြီး၏ စာအုပ်ထဲတွင် နံမည်ကြီး BEST SELLER စာအုပ်တစ်အုပ်ဖြစ်ဖို့ ဘယ်လောက်ထိ ကြိုးစားအားထုတ်ရမည်ဆိုတာ ပါလာသည်။ ထိုမေးခွန်းသည် စာရေးဆရာတော်တော်များများကို စိတ်ညစ်သွားစေသည်ဟုတောင် ဆိုထားသည်ထိ … BEST SELLER စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အကောင်းဆုံးကြိုးစားအားထုတ်ခြင်းနည်းမှာ တင်ပါးမှာ ကော်သုတ်ထားဖို့အကြံပေးထားသည်။မှန်ပေသည်။ တော်ရုံလူ၊ တော်ရုံစိတ်ဓါတ်မျိုးနှင့် စားပွဲနှင့် ထိုင်ခုံပေါ် ကျောက်ချဖို့မလွယ်ကူလှပေ။
ဆရာကြီးဦးအောင်သင်းရဲ့ စာပေဟောပြောပွဲတစ်ခုမှာ ပြောထားတာလေး တော်တော်သဘောကျမိပါသည်။ ဆရာက ဘာပြောထားသလဲဆိုတော့ “ ငယ်ငယ်အရွယ် မှာ ကိုယ့်ကိုကိုယ် မခိုင်းရင် ကြီးလာရင် သူများခိုင်းတာ ခံရတတ်တယ် ’’ ဟု ဆိုထားသည်။ တော်တော်ကို ထိရောက်ပြိး မှတ်သားစရာကောင်းလိုက်သည့်စကား.. ဆရာ့စကားတွေ နားထဲကြားယောင်မိတိုင်း ကိုယ့်အားနည်းချက်တွေကို ပြန်လည်သင်ယူဖို့ ကိုယ့်ကိုကိုယ် မပျင်းဖို့အမြဲ တိုက်တွန်းမိနေသည်။ လူငယ်တွေ စာများများ ဖတ်စေချင်သည်။ ဆရာဦးအောင်သင်းတို့လို အဟောအပြောကောင်းသော ပုဂ္ဂိုလ်ကြီးများ၏ စာပေဟောပြောပွဲများကို နားထောင်စေချင်သည်။
ကျွန်တော်စာအုပ်တစ်အုပ်ကို ဖတ်နေစဉ် စာအုပ်ထဲတွင် စိတ် မရောက် ကိုယ့်အကြောင်းကိုရေးဖို့ အာရုံထဲတွင် ပေါ်ပေါ်လာသည်။ အတိတ်က အရိပ်တွေက ခေါင်းထဲတွင် တန်းစီနေသည်။ စထားသော်လည်း ဟိုစပ်စပ် ဒီစပ်စပ် ဖြစ်နေသည်။ အကြောင်းအရာတွေက တစ်ခုနှင့် တစ်ခု အချိတ်အဆက်မရှိ။ ဟိုအကြောင်းရောက်သွားလိုက် ဒီအကြောင်းရောက်သွားလိုက် နှင့်ပင် ခရီးဆက်နေရသည်။
စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်မည်ဟု ရည်ရွယ်ထားလျှင် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စာရေးနေရမည်ဟု ဆိုသောကြောင့်သာ ခေါင်းထဲတွင်ပေါ်လာသော အတွေးများကို လက်တန်းချရေးနေမိခြင်းဖြစ်သည်ဟု ကျွန်ုပ် ၀န်ခံပါသည်။
ကျွန်ုပ် အလုပ်အဆင်ပြေနေချိန်ကဆိုလျှင် ပုံမှန်ဝင်ငွေရှိနေသဖြင့် သုံးစွဲရန် နောက်စံမတင်းရခြင်း အလို့ဌာ စာကိုစိတ်ဝင်စားစွာ ရေးနိုင်ခဲ့လေသည်။ တစ်ခါတစ်လေ ဘ၀ရဲ့ တစ်ဆစ်ချိုး ကံကြမ္မာ အလှည့်အပြောင်းများကြောင့် လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုများကြုံလာရာ စာရေးဖို့ဝေးစွ … အသက်မွေးဝမ်းကြောင်းအတွက် မည်သို့ခရီးဆက်ရမည်ကို ပူပန်နေရ၍ စိတ်ဂဏာမငြိမ်ပင် ဖြစ်နေလေတော့သည်။
ကျွန်ုပ်ဖတ်ဘူးသော စာအုပ်ထဲတွင် ထောင်တွင်းအကျဉ်း ကျနေသည့်တိုင်အောင် ကျမ်းစာအုပ်များကို ရေးသားပြုစုခဲ့သူများရှိခဲ့သည်။ ကျွန်ုပ်သည်လည်း ထိုသူတို့ကို စံနမူနာယူရမည့်ကိန်း ဆိုက်နေလေတော့သည်။
အဆင်ပြေမှ စလုပ်မည်ဟုရည်ရွယ်ထားလျှင် မည်သည့်လုပ်ငန်းမှ စဖြစ်လိမ့်မည်မထင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ ကံကြမ္မာဟူသည် တသတ်မှတ်တည်း သွားနေခြင်းမဟုတ်သောကြောင့် အခြေအနေ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဘယ်လောက်ပင် ခက်ခဲကြမ်းတမ်းနေပါစေ ရပ်မသွားရန်လိုအပ်သည်။ ဖြေးဖြေးနဲ့ မှန်မှန်သွားခြင်းသည် သင်၏ပန်းတိုင်ကို အမြန်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
ဟန်ဇွန် (အေးသုခ)
Subscribe to:
Posts (Atom)