သည်လောက်ကြိးသည့် လေဆိပ် ကျွန်တော့်တသက်နှင့် တကိုယ် မတွေ့ဘူးခဲ့ပေ။
ကမ္ဘာ့အကြီးဆုံး လေဆိပ် စာရင်းဝင်ဖြစ်သည်။ မလေးရှားလေဆိပ် အကြောင်း
အသေးစိတ်ကို နောက်ပိုင်းမှ ပြောရအုံးမည်။
လေယာဉ်ပေါ်မှ ဆင်းလျှင် မည်သို့သွားရမည် မသိ၍ အများသွားရာနောက် ရောယောင် လိုက်ပါသွားရင်း ဘေးဘီဝဲယာ လျှောက်ကြည့်မိသည်။ ငယ်ငယ်က ဖတ်ခဲ့ဖူးသည့် တာဝတိံသာနတ်ပြည်ကိုများ ရောက်နေရော့သလားဟု ထင်မှတ်ရ၏။
ခမ်းနားကြီးကျယ်ပုံများကို မှတ်တမ်း တင်ထားချင်မိသည်။ ထိုအခါက လက်ကိုင်ဖုန်းဆိုသည်ကိုပင် အနီးကပ်မမြင်ဘူးသေးတဲ့ဘ၀ ။ ဘယ်သို့ မှတ်တမ်းတင်ရမည်ကို မကြံဆနိုင်ပေ။ လမ်းလျှောက်သည့် စင်္ကြန်များကို ပစ္စည်းသယ်ရလွယ်ကူစေရန် Auto walking System ပြုလုပ်ထားပုံမှာ သဘောတွေ့လှ၏။ ကျွန်ုပ်တို့ တိုင်းပြည်တွင် ယခုချိန်ထိ မမြင်ဘူးသေးပေ။
တောင်ငေး၊ မြောက်ငေး သွားရင်းနှင့် Immigration ဂိတ်ပေါက်သို့ ရောက်မှန်းမသိရောက်သွားသော အချိန်ဝယ် မလေးရှားစံတော်ချိန် ၃နာရီထိုးနေသည်ကို ကောင်တာနောက်ကျောနံရံက နာရီကြီးက ညွှန်ပြနေ၏။
ကျွန်ုပ်တို့ထင်ထားသည်မှာ သူဌေးကကြိုစောင့်နေပြီး ခေါ်သွားလိမ့်မည်။ ဖြစ်လာပုံက ကျွန်ုပ်နှင့်နေရာတူ အလုပ်တူ မြန်မာသူငယ်ချင်းတစ်ယောက်လဲ ပါလာခဲ့ရာ နှစ်ဦးသား လာကြိုကြသောသူများဟု ထင်ရသူများကို လိုက်ကြည့်ရ ၊ လာကြိုသူတွေ ထောင်ထားသော ဆိုင်းဘုတ် နံမည်များကိုလဲ အပြေးအလွှားဖတ်ရ၏။
ကျွန်ုပ် တို့နံမည်ကို ရှာမတွေ့ ၊ နှစ်ဦးသားခေါင်းချင်းဆိုင်ပီး အခြေအနေ မေးရမြန်းရတော့သည်။ ထိုစဉ် နက်ပြာရောင် ကိုယ်ကြပ် ယူနီဖောင်းကို စမတ်ကျစွာ ၀တ်ဆင်ထားသော အသားညိုညို၊ အရပ်မတိုမရှည် ခပ်၀၀ အသက်၄၀ ၀န်းကျင်ဟုထင်ရသော မလေးရှား ရဲတစ်ယောက် ကျွန်ုပ်တို့ဘေးတွင် စာရွက်တစ်ထပ်ကိုင်ပီး အများကြားအောင် အော်နေသည်။
မည်သည့်ဘာသာစကားဖြင့် အော်နေသည်ကို သေချာ နားမလည် သော်လည်း မ၀ံ့မရဲ ချဉ်းကပ်၍ အကူညီတောင်းကြည့်ကြ၏။
အမိမြေမှ သင်ထား၊ တတ်ထား သမျှသော အင်္ဂလိပ်စကားကို ထိုသူနားလည်အောင် ကျွန်ုပ်တို့ နှစ်ယောက် တစ်ယောက်တလှည့် အစွမ်းပြကြ၏။ ပထမဆုံး နိုင်ငံခြားမှာ နိုင်ငံခြားသားတစ်ယောက်ကို ဆရာများ သင်ပေးလိုက်သော ပညာဖြင့် ပြောခွင့်ဆိုခွင့် ရလိုက်သည့် အရသာသည် အလွန်ပီတိဖြစ်ရ၏။
မူကြိုမှစ ယခုချိန်ထိ အင်္ဂလိပ်စာသင်ပေးခဲ့သော သင်ပေးနေသော အမိမြေမှ ဆရာများကို သတိတရ ကျေးဇူးတင်နေမိ၍ ဆရာများ ကျေးဇူး လွန်စွာမှ ကြီးမားပါတကား ခံစားရ၏။ သို့ပေသော်လည်း စကားစွမ်းရည်နှင့် နားလည်ဟန်မတူ၍ Internation ခြေဟန်လက်ဟန်တွေပါ ကူပေးရသေးသည်။
ကျွန်ုပ်တို့ ဘယ်နိုင်ငံကလာကြောင်း၊ အလုပ်နှင့်ပက်သက်သည်များကို ပါးစပ်မှ အမြှုပ်ထွက်မတတ် ရှင်းပြလိုက်သောအခါ ၀မ်းသာသော အပြုံးဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်ပြီး သူသည် ယခုပင် မြန်မာအလုပ်သမား၏ နံမည်ကို လာကြိုသူများ ကိုယ်စား ကူပီး ခေါ်ပေးနေကြောင်း လက်ထဲမှ စာရွက် တထပ်ကြီးကို ထိုးပြသည်။ ထိုသူသည် ပြုံးချိုချိုနှင့် လွန်စွာဖော်ရွေတတ်သော ကူညီချင်စိတ်ရှိသော သူတစ်ဦးဟု မှတ်ချက်ပြုမိ၏။
ထိုသူသည် မြန်မာအမည်များကို မလေးအသံဖြင့် မပီကလာ ပီကလာ ခေါ်နေသောအခါ မည်သူကမှ နားမလည်သလို အဖက်လုပ်၍ပင် မကြည့်ကြ သောကြောင့် သူ့ကို သနားပင်သွားမိသေးသည်။
သို့နှင့် ကျွန်ုပ်တို့လည်း ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်ပီး မြန်မာအလုပ်သမားများ၏ အမည်များကို ကူခေါ်ပေးသောအခါမှ သူလည်းအနားရသွားဟန် တူပေသည်။ တအောင့်မျှ အကြာတွင် ထိုသူ ပြန်ရောက်လာပီး ကျွန်ုပ်တို့နှစ်ယောက် အစာပြေစားရန် ပေါင်မုန့်နှင့် ရေတစ်ဗူးဆီ လာပေးပီး တစ်ညလုံး မအိပ်ရသေးကြောင်း ခုလိုကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောပီးလျှင် ရုံးအတွင်း သွားငိုက်နေလေတော့သည်။
မလေးရှား အ၀င်တွင် ကျွန်ုပ်တို့၃ဦး မိတ်ဆွေရင်း ပမာ အတိုင်အဖောက်တည့်သွား၍ လွန်စွာ မင်္ဂလာရှိသည်ဟု မှတ်ယူရ၏။ သို့နှင့် ကျွန်ုပ်တို့သည်လည်း အမည်စာရင်းများကို ခေါ်သောအခါ ငိုက်မြည်းနေသော မြန်မာဆွေရင်းများ ခေါင်းထောင်လာကြသည်။ အမည်ပိုင်ရှင်များ ထလာပီးလျှင် လာကြိုသော Company ၀န်ထမ်းများနှင့် ချိတ်ဆက်ပြီး ကောင်တာတွင် လိုအပ်တာများ ဆက်လက် လုပ်ဆောင်ကြလေတော့သည်။
>>>>>>>> ဆက်ရန်
ဟန်ဇွန် (ထီလာ)
9:59 PM 17/5/2016
Singapore